
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့၊ နံနက် ၆ နာရီအချိန်ခန့်က ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုဖြစ်ပွားပြီး မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ပေါက်ကုန်း ရပ်ကွက်နှင့် ညောင်ပင်ရပ်ကွက်၊ ရွှေကျီးနားရပ်ကွက်နှင့် ဗန်းမော်မြိုနယ်၊ မံမလင်းကျေးရွာ၊ သဖန်းပင်ကျေးရွာတို့ရှိ လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဗန်းမော်ခရိုင်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်စက်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးလှေ(၈)စီးတို့ဖြင့် ကူညီရွေ့ပြောင်းပေးခြင်း လုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ရာ ညနေ ၅ နာရီ ၁၀ မိနစ်အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် ပေါက်ကုန်းရပ်ကွက်မှ အိမ်ထောင်စု (၈၉)စု၊ ကျား(၁၇၉)ဦး၊ မ(၂၀၂)ဦး စုစုပေါင်း(၃၈၁)ဦးတို့အား ပေါက်ကုန်းရပ်ကွက်ရှိ ရေဘေးလွတ်ရာ ဓမ္မိကာရုံဘုန်းတော်ကြီးကျောင်းနှင့် မူလွန်(၃)စာသင်ကျောင်းသို့လည်းကောင်း၊ ညောင်ပင်ရပ်ကွက်မှ အိမ်ထောင်စု (၁၇)စု၊ ကျား(၅၀)ဦး၊ မ(၅၅)ဦး စုစုပေါင်း (၁၀၅)ဦး၊ ရွှေကျီးနားရပ်ကွက်မှ အိမ်ထောင်စု (၇)စု၊ ကျား(၁၃)ဦး၊ မ(၁၄)ဦး စုစုပေါင်း (၂၇)ဦးအား ရေဘေးလွတ်ရာ အ.ထ.က(၆) (ရွှေကျီးနားရပ်ကွက်)သို့လည်းကောင်း၊ မံမလင်းကျေးရွာမှ အိမ်ထောင်စု (၅)စု၊ ကျား(၉)ဦး၊ မ(၁၆)ဦး စုစုပေါင်း (၂၅)ဦးအား ထီးလင်းဘုန်းတော်ကြီးကျောင်း (မံမလင်းကျေးရွာ)သို့လည်းကောင်း၊ သဖန်းပင်ကျေးရွာမှ အိမ်ထောင်စု (၁၂၀)စု၊ ကျား(၄၀၀)ဦး၊ မ(၄၄၁)ဦး စုစုပေါင်း(၈၄၁)ဦးတို့အား အ.လ.က(သဖန်းပင်ကျေးရွာ)သို့လည်းကောင်း ကူညီရွေ့ပြောင်းပေးခဲ့ပါကြောင်း နှင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရပါသည်။